မကြာမှီစတင်မည့် အတန်းများ
User Experience Design ဒီဇိုင်းအခြေခံတန်းကို ၅/၆/၂၀၂၄ ဖွင့်ပါမယ် Graphic Design Essential ဒီဇိုင်းအခြေခံတန်းကို ၅/၆/၂၀၂၄ ဖွင့်ပါမယ် Graphic Design Essential ဒီဇိုင်းအခြေခံတန်းကို ၅/၆/၂၀၂၄ ဖွင့်ပါမယ် Graphic Design Essential ဒီဇိုင်းအခြေခံတန်းကို ၅/၆/၂၀၂၄ ဖွင့်ပါမယ်
   

မာတိကာ

ဈေးကွက်အလှည့်အပြောင်းနှင့် စနစ်အားဖြင့်တွေးခေါ်ခြင်း

ဒီနှစ်အပိုင်းခြားတွေမှာ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ဒီဇိုင်နာတွေဟာ ဒီဇိုင်းကို အမြင်ပိုင်းဆိုင်ရာ ပုံဖော်မှု အပြင် Design Thinking လို့ခေါ်တဲ့ “ဒီဇိုင်းအားဖြင့်‌ တွေးခေါ်မှု” ပုံစံကိုပါရင်းနှီးလာကြပါတယ်။
ဒါပေမဲ့ ပြဿနာတွေကို ဒီဇိုင်းနာတွေအနေနဲ့ ဖြေရှင်းတဲ့ အခါမှာ User Centric လို့ခေါ်တဲ့ အသုံးပြုသူတွေအပေါ်မှာ ဗဟိုပြုပြီး Design Thinking အရ ဖြေရှင်းမှုတွေဟာ ကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိနိုင်ပေမဲ့ မတူညီတဲ့ အစုအဖွဲ့တွေ ကြားမှာ ရေရှည် အလုပ်ဖြစ်နိုင်မဲ့ ဖြေရှင်းမှုတွေအတွက် Design Thinking တစ်ခုထဲနဲ့ဆိုရင်တော့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။
ဘာကြောင့်လဲဆိုရင်တော့ တစ်ခါတစ်လေမှာ စနစ်အတွင်းက ဆက်ဆက်မှုတွေကို ခြုံငုံသုံးသပ်တဲ့နေရာမှာ ဒီဇိုင်းအားဖြင့် စဉ်းစားတွေးခေါ်မှု ( Design Thinking ) ဟာ ပြဿနာတစ်ခုရဲ့ အဖြေကိုသာ ဦးစားပေးစဉ်းစားတတ်တဲ့အတွက် အဲ့ပြဿနာကို ဖြေရှင်းမှုကြောင့် ဆက်ဆက်ဖြစ်လာမဲ့ ဖြစ်ရပ်တွေကို တိုင်းတာမှုတွေ လုပ်ဖို့ အတွက်တော့ အားနည်းမှုတွေ ရှိပါတယ်။
ဒါကြောင့် ဒီနေ့မှာတော့ ပြောင်းလဲတတ်တဲ့ ဈေးကွက်အခြေနေ သဘောတရားတွေနဲ့ စနစ်အားဖြင့် တွေးခေါ်ြခင်း ( System Thinking ) နဲ့ ဆိုင်တဲ့ သဘောတရားအချို့ကို ပိုမိုနားလည်လာဖို့အတွက် ပေါ့ပေါ့ပါးပါး မျှဝေပေးသွားပါမယ်။

စနစ် အလုပ်လုပ်ပုံ

စနစ်တစ်ခုရဲ့ အလုပ်လုပ်ပုံကို အရိုးရှင်းဆုံး နားလည်ဖို့ အတွက် ပထမဆုံး ကျွန်တော်တို့ အနေနဲ့ ပင်လယ်စာ စားသောက်ဆိုင်လေးတစ်ခု ဖွင့်ထားတယ်လို့ တွေးကြည့်ပါမယ်။
အဲ့အတွက် ကျွန်တော်တို့ ရဲ့ စားသောက်ဆိုင်လေး ပုံမှန်လည်ပတ်ဖို့ အတွက် ထောက်ပို့မှုကွင်းဆက် ( Supply Chain )မှာ ဆက်ဆက်နေတဲ့ စနစ်မှာ ပါဝင်ပတ်သတ်သူတွေကို အရင်ဆုံး စာရင်းထုတ်လိုက်ပါမယ်။ အဲ့တော့

၁ ) ဝယ်သူ
၂ ) စားသောက်ဆိုင် ( ကျွန်တော်တို့ )
၃ ) ငါးဈေး ( ငါးဒိုင် )
၄ ) ငါးဖမ်းလုပ်ငန်း

ဆိုပြီးရလာပါမယ်။

အဲ့ အတွက် ဒီ Supply Chain ထဲမှာ ကျွန်တော်တို့ လုပ်ငန်းကို သက်ရောက်နိုင်မဲ့ အကြောင်းရာအချို့ ကို စာရင်းထုတ်ကြည့်မယ်ဆို

၁) ငါးကောင်ရေ/ငါးအရင်းမြစ် ( Fish Resource ) နဲ့ ပြန်လည်မျိူးပွားနှုန်း ( Regeneration Rate )
၂) ငါးဖမ်းနည်းပညာ ( Fishing Technology ) နဲ့ ငါးဖမ်းနည်း အလေ့ကျင့် ( Fishing Practices )
၃) ငါးတန်ဖိုး ( Fish Price )
၄) သိုလှောင်ထားရှိသော ငါး ( In Stock Fish )
၅) ဈေးကွက်လိုအပ်ချက် ( Market Demand ) ဆိုပြီး ရလာပါမယ်။

ဒီ ၅ ချက်က စနစ်တစ်ခုကို နားလည်ဖို အရိုးဆုံးပုံစံနဲ့ ရေးထားတာဖြစ် ပြီး သူတို့ ကြားမှာ အပြန်လှန်ဆက်စပ်မှုတွေ အများကြီးရှိပါတယ်။

ဥပမာ ငါး ၁၀၀ ဆန့်တဲ့ ကန်ထဲ(Fish Resource ) မှာ ငါးတွေက ၁ လ ကို ၁၀ ကောင်နှုန်း(Regeneration Rate ) နဲ့ မျိူးပွားမယ်ဗျာ။
အဲ့အချိန်မှာ ငါးဈေးက ၅၀ ကျပ်(Fish Price )လို့ ထားမယ်။
အဲ့အချိန်မှာ တစ်လကို ငါး အကောင် ၂၀ ဖမ်းမယ်ဆို ငါးတွေက တစ်လကို ၁၀ ကောင်ဆီ လျော့လာပြီး အဲ့နှုန်းတိုင်းဆို ငါးတွေဟာမကြာခင်မှာ မျိူးတုန်းသွားပါလိမ့်မယ်။

ဒါပေမဲ့ ငါးဈေးကိုကြည့်မယ်ဆိုရင် ငါးတွေ ရှားပါးလာလေ ပိုပြီး ဈေးကြီးလာလေ (Price & Demand Relationship) ဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ ဒီအချက်ကလည်း ဈေးကွက်လိုအပ်ချက်(Market Demand ) ရှိနေဦးမှ ဖြစ်ပါတယ်။ အကယ်၍ ဝယ်မဲ့သူ မရှိဘဲ ငါးတွေ စွတ်ဖမ်းနေမယ်ဆို သိုလှောင်ထားတဲ့ ငါး ( In Stock Fish ) ဘဲများလာပြီးငါးဈေးက နဂိုမူလ ဈေးထက်ပိုကျသွားပါလိမ့်မယ်။

အဲ့အတွက်ကျွန်တာ်တို့အနေနဲ့ ပြောင်းလဲတတ်တဲ့ ဈေးကွက်မှာ စနစ်အားဖြင့် တွေးခေါ်ြခင်း (System Thinking) ရဲ့ လိုအပ်ချက်ကို ပိုမိုရင်းနှီးလာအောင် နောက်ထပ် ဉပမာလေးတွေ ထပ်ကြည့် ကြပါမယ်။

နွားကျာပွတ်နိယာမ

ဒီတစ်ခါဥပမာကတော့ နွားကျာပွတ်နိယာမ (Bullwhip Effect) ဘဲဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကတော့ ထောက်ပို့မှုကွင်းဆက် ( Supply Chain )ထဲမှာ ဝယ်လိုအားက ရုတ်တရက်တတ်လာတဲ့ အခါမျိူးမှာ ထုတ်လုပ်မှုကို ကြိုတင်ကာမိအောင် ပြင်ဆင်ရာကနေ ပိုလျှံထုတ်လုပ်တဲ့ ( Over Production ) ဖြစ်ရပ်မျိူးပါ။

ဒီအချက်က စနစ်တစ်ခုရဲ့ အမူအကျင့် ( System Behavior ) နဲ့ စီးဆင်းမှု ( Flow ) ကို မခန့်မှန်းနိုင်တဲ့အခါမျိူးတွေ မှာ ဖြစ်တတ်ပါတယ်။

ဥပမာ ကျွန်တော်တို့ ပင်လယ်စာ စားသောက်ဆိုင်အနေနဲ့ ကြည့်မယ်ဆို ပွဲတော် တစ်ခုရှိတဲ့အတွက် ပုံမှန် ၁ လကို ၅ ကောင် ရောင်းရတာကနေ အမှာစာ က ၉ ကောင်ထိရှိလာတယ်။

အဲ့အတွက် ကျွန်တော်တို့ က နောက်ထပ်တိုးလာမဲ့သူတွေ အတွက်လည်း အဆင်ပြေအောင် ငါးဈေးကို ၁၂ ကောင် မှာလိုက်တယ်။

ဒီနေရာမှာ ငါးဈေးကလည်း ကျွန်တော်တို့ လိုစားသောက်ဆိုင်တွေ ပိုမှာလာရင် အရန်သင့်ရှိအောင် ငါးဖမ်းလုပ်ငန်းလုပ်တဲ့သူတွေကို ၁၅ ကောင် မှာလိုက်တယ်။

ဒီနေရာမှဦ ငါးဖမ်းတဲ့ သူတွေကလည်း ငါးဒိုင်တွေ ထပ်လာဝယ်ရင် အဆင်ပြေအောင် ၁၈ ကောင်လောက် ဖမ်းထားလိုက်တယ်။

အဲ့လိုကနေ မူလ ၉ ကောင်စာလောက် လိုတဲ့နေရာမှာ ဈေးကွက်ထဲမှာ အပို ၉ ကောင်လောက် ပိုဖမ်းထားတဲ့အခြေနေဖြစ်လာတယ်။

ဒီလို ဖြစ်ရပ်မျိူးကို နွားကျာပွတ်နိယာမ လို့ခေါ်တာဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ စားသုံးသူတွေ အဆင်ပြေဖို့ နဲ့ ငါးရောင်းရဖို့ ဘဲ ဦးစားပေးစဉ်းစားမယ်ဆို ငါးဈေးအတတ်အကျတွေ၊ ငါးပြတ်လတ်မှုတွေ၊ အချိန်သင့်မရရှိတာတွေ ရှိနိုင်တယ်အတွက် လက်တွေ့ လုပ်ငန်းလည်ပတ်တဲ့အခါမှာ အခက်ခဲတွေ ရှိလာနိုင်ပါတယ်။

အာရှငါးကြင်း ကျူးကျော်မှု

နောက်ထပ်ဥပမာ တစ်ခုကတော့ အမေရိကန်မှာ ၁၉၈၀ နဲ့ ၉၀ ပတ်ချာလည် မှာ စတင်ဖြစ်ပွားခဲ့တဲ့ အာရှငါးကြင်း ကျူးကျော်မှုအကြောင်းပါ။
ဒီဖြစ်ရပ်ကိုတော့ ဂေဟစနစ်တစ်ခုမှာ ဇီဝကွဲပြားမှု မညီမျှမှု ဖြစ်စဉ်ဆိုပြီး သတ်မှတ်နိုင်ပါတယ်။

ဟာ စားသောက်ဆိုင် ဖွင့်တာ ဒါတွေနဲ့ ဆိုင်လို့လားဆို ရင်တော့ ရေတိုအတွက်တော့ အဝေးကြီးလို့ တွေးနိုင်ပေမဲ့ ရေရှည်မှာ ပတ်သတ်မှုတွေ ရှိလာနိုင်ပါတယ်။
ဒီအချက်ကို သတိမထားမိတဲ့ အမေရိကန်နဲ့ ကနေဒါမှာလည်း ဒီလို ဖြစ်ရပ်က နိုင်ငံတော်စီမံကိန်းအဆင့်ထိပါ တားဆီးခဲ့ရပါတယ်။

ဥပမာဗျာ ကျွန်တော်တို့ စားသောက်ဆိုင်မှာ ရှားပါးငါးဟင်းတစ်မျိူးက အရမ်းရောင်းရတဲ့ အတွက် အဲ့ငါးကို ဈေးကြီးပေးပြီး ဝယ်ချက်တယ်ဗျာ။
ငါးဖမ်းတဲ့သူတွေကလည်း ဈေးကောင်းရတော့ မျိူးတုန်းမှာဘာညာမသိဘဲ စွတ်ဖမ်းတယ်ဗျာ။ အဲ့တော့ အဲ့ငှားက ပိုရှားပြီး ရောင်းရပိုခက်သွားတယ်ဗျာ။

ဒီကိစ္စက ဒီလောက်ထိတွေးရင်တော့ အဆင်ပြေပေမဲ့ အဲ့မျိူးတုန်းသွားတဲ့ ငါးတွေရဲ့ စားကျက်နေရာမှာ ဒီပြင် အန္တရာယ်ပေးနိုင်တဲ့ ငါးတွေပိုများလာပြီး Biodiversity လို့ခေါ်တဲ့
ဇီဝ ဟန်ချက်ညီမှုကို ပျက်စေတယ်ဗျာ။ အဲ့မှာစပြီး ပတ်ဝန်းကျင်ရော စီးပွားရေးလုပ်ငန်းတွေ ပါဒုက္ခပေးတာပါဘဲ။

အမေရိကန်မှာဖြစ်ခဲ့တာလည်း အဲ့ပုံစံမျိူးပါဘဲ။ သူတို့ ဆီက ငါးကန်တွေမှာ ရေညှိတွေ၊ ဒိုက်တွေ၊ ကပ်ပါးကောင်တွေကို စားဖို့ ငါးကြင်းမျိူးစိတ်တွေကို တရုတ်ကနေ ၁၉၈၀ လောက်မှာစသွင်းတယ်။
ဒါပေမဲ့ ငါးကြင်းတွေက ရေကြီးတဲ့အချိန်မှာ ငါးကန်ထဲကနေ အပြင်မှာရှိတဲ့ ကန်ကြီးတွေထဲ ရောက်သွားတယ်။ မျိူးပွားနှုန်းက အရမ်းမြန်ပြီး အစားသောက်လည်း ကြမ်းတော့ ကန်ထဲမှာ ရှိတဲ့ ငါးတွေလည်း မျိူးတုန်းလာတယ်။
ပြီးတော့ ရေကန်တွေပါညစ်လာတယ်။

အဲ့တော့ ငါးဖမ်းလုပ်ငန်းလုပ်တဲ့သူတွေလည်း ဈေးကောင်းရတဲ့ ငါးတွေ မျိူးတုန်းကုန်၊ ကန်ဘေးနားမှာ အပျော်တမ်း ငါးဖမ်းတဲ့သူတွေ လှေစီးတဲ့သူတွေလည်း ရော့၊ အဲ့ငါးတွေကို စားတဲ့ ငှက်တွေပါ ဒုက္ခရောက်နဲ့ တော်တော်တိုင်ပတ်သွားပြီး
နိုင်ငံတော် စီမံကိန်းထိလုပ်ပြီး ငါးကြင်းမှန်သမျှဖမ်း စည်သွပ်ဘူးလုပ်၊ ငါးစာလုပ်၊ ဓာတ်မြေသြဇာလုပ် စသဖြင့် အကုန်ထုတ်ပြီး ငါးကြင်းတွေကို နိုမ်နှင်းရပါတော့တယ်။

ဒီအချက်က စနစ်တစ်ခုမှာ ရင်းမြစ်တစ်ခုကို မဆင်မခြင်သုံးစွဲမယ်၊ ဆက်ဆက်နေတဲ့ ရင်းမြစ်တွေကို သတိမမူဘဲ နေမယ်ဆို မမျှော်မှန်းနိုင်တဲ့ အကျိူးဆက်တွေရှိလာနိုင်တယ်ဆိုတဲ့ အချက်ကို သိသာစေပါတယ်။

ဒီဥပမာကတော့ စနစ်တစ်ခုရဲ့ သက်ရောက်ပုံကို မြင်သာအောင် ပြောပြတာဖြစ်ပြီး Design System လို System Thinking အပိုင်းတွေ ပါဝင်တဲ့နေရာတွေမှာ Product, Developing, Marketing, Branding စတဲ့ မတူညီတဲ့ ဆက်ဆက်နေတဲ့ အပိုင်းတွေကို ဂရုမပြုမိတဲ့အခါ ဒီလို အကျိူးဆက်တွေ ရှိလာနိုင်တာကို သတိပြုမိအောင် မျှဝေပေးတာဖြစ်ပါတယ်။

ဟူစတန်လေဆိပ်

နောက်ဆုံးတစ်ခုကတော့ ဟူစတန်လေဆိပ်က ဖြစ်ရပ်ပါ။

ဒီဖြစ်ရပ်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်က ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာဆို လေဆိပ်မှာ လေယာဉ်ဆိုက်တဲ့အခါ ခရီးသည်တွေက အိတ်ယူတဲ့နေရာကို ၁ မိနစ်လောက် လမ်းလျှောက်ပြီဆို ရောက်ပါတယ်။ ဒါပေမဲ့ အိတ်တွေ ထွက်လာဖို့ကို တော့ နောက်ထပ် ၇ မိနစ်လောက် စောင့်ရပါတယ်။ အဲ့လိုစောင့် ဆိုင်းရတဲ့အတွက် ခရီးသည်တွေရဲ့ မကျေနပ်တဲ့ တိုင်တန်းစာတွေ ကို တောက်လျှောက် ရပါတယ်။

အဲ့အတွက် လေဆိပ်တာဝန်ရှိသူတွေကလည်း ဝန်ထမ်းတွေ ထပ်ထည့် ဝန်ဆောင်မှုတွေ ထပ်ထည့်ပေမဲ့ လည်း တိုင်တန်းစာတွေကတော့ မပြတ်ပါဘူး။
အဲ့လိုနဲ့ နောက်ဆုံးတော့ လေဆိပ်တာဝန်ရှိသူတွေလည်း ဖြေရှင်းမှု တစ်မျိူး ထပ်ပြောင်းလိုက်တဲ့ အခါမှာ တိုင်တန်းစာတွေ ထပ်မလာတော့ ပါဘူး။

အဲ့ဒါကတော့ ၁ မိနစ်နဲ့ ရောက်တဲ့ အိတ်ယူတဲ့ နေရာကို နောက်ထပ် ၇မိနစ်လောက် ထပ်လျှောက်မှ ရတဲ့ နေရာကို ရွှေ့လိုက်တာပါဘဲ။
အဲ့အတွက် ခရီးသည်တွေ အနေနဲ့ အဲ့နေရာကို ရောက်တဲ့အခါမှာ အိတ်တွေ ယူဖို့ အဆင်သင့်ဖြစ်နေတာပါဘဲ။

အဲ့အတွက် ခရီးသည်တွေအတွက် User Centric အမြင်နဲ့ ကြည့်မယ်ဆို ပိုပင်ပန်းစေတာဖြစ်ပေမဲ့ စိတ်ပိုင်းဆိုင်ရာအရတော့ ကြေနပ်မှုကို ပေးနိုင်တဲ့ ဖြေရှင်းမှုဖြစ်ပါတယ်။

နိဂုံး

ဒါကြောင့် Product Designer တွေ၊ UX Designer တွေ အနေနဲ့ ဖြစ်ရပ်တွေကို ရှုမြင်တဲ့အခါမှာ User Centric တစ်ခုထဲ၊ Design Thinking တစ်ခုထဲက ရေရှည်ဖြေရှင်းမှုတွေ၊ တစ်ချို့ အခြေနေတွေမှာ အဆင်မပြေမှုတွေ ရှိနိုင်ပြီး Business Strategy, System Thinking နဲ့ အခြားဆက်ဆက်နေတဲ့ Contexual Knowledge တွေကို တွဲပြီး လေ့လာမယ်ဆို လက်တွေ့ကျပြီး ပိုမိုကောင်းမွန်တဲ့ ဖြေရှင်းမှုတွေကို လုပ်လာနိုင်မှာဖြစ်ကြောင်း မျှဝေ ရေးသားလိုက်ပါတယ်ခင်ဗျာ။

အားလုံး စိတ်ရောကိုယ်ပါ လုံခြုံအေးချမ်းတဲ့ နေရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
အသိပေးမှုရယူမယ်
အသိပေးပါ
0 Comments
Inline Feedbacks
View all comments
ချိတ်ဆက်မယ်

Deversity ကနေ အပတ်စဉ်မျှဝေပေးနေတဲ့ ဗဟုသုတရစေမဲ့ အကြောင်းရာတွေကို မိတ်ဆွေရဲ့ Email ကနေတစ်ဆင့်ပို့ပေးစေချင်တယ်ဆို မိတ်ဆွေ Email ကို အောက်မှာရှိတဲ့ ဖောင်လေးကို ဖြည့်ပြီး စာရင်းပေးနိုင်ပါတယ်။

လူမှုကွန်ယက်

Designed & Developed By Mhu Htet

© 2024 – Deversity Myanmar