မကြာမှီစတင်မည့် အတန်းများ
User Experience Design ဒီဇိုင်းအခြေခံတန်းကို ၅/၆/၂၀၂၄ ဖွင့်ပါမယ် Graphic Design Essential ဒီဇိုင်းအခြေခံတန်းကို ၅/၆/၂၀၂၄ ဖွင့်ပါမယ် Graphic Design Essential ဒီဇိုင်းအခြေခံတန်းကို ၅/၆/၂၀၂၄ ဖွင့်ပါမယ် Graphic Design Essential ဒီဇိုင်းအခြေခံတန်းကို ၅/၆/၂၀၂၄ ဖွင့်ပါမယ်
   

မာတိကာ

သိထားသင့်သော အလင်းသဘောတရားများ

မင်္ဂလာပါခင်ဗျာ
ဒီနေ့တော့ ကြေငြာတွေ ရေးဆွဲတဲ့နေရာမှာ ပိုမိုသေသပ်တဲ့ Manipulation လုပ်ချင်သူတွေ ၊ အလင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းတွေ လေ့လာချင်သူတွေနဲ့ အသက်ဝင်ပြီး သဘာဝနဲ့ အနီးစပ်ဆုံးတူတဲ့ 3D Rendering တွေလုပ်နိုင်ဖို့ အတွက် PBR ( Physically Based Rendering ) နည်းစနစ်ကို လေ့လာချင်သူတွေ အတွက် အသုံးဝင်မဲ့ အလင်းနဲ့ ဆိုင်တဲ့ သဘောတရားလေးတွေကို မျှဝေပေးလိုက်ပါတယ်။
 
ဒီနေ့မျှဝေပေးသွားမဲ့ အလင်းသဘောတရားတွေကတော့

– Caustic
– Occlusion Shadow
– Atmospheric Perspective
– Fresnel နဲ့
– Subsurface Scattering တို့ဘဲဖြစ်ပါတယ်။

တစ်ခုချင်းစီရဲ့ သဘောတရားတွေကိုတော့ ပုံလေးတွေမှာ ဆက်ပြီး ရေးသွားပေးသွားပါမယ်ခင်ဗျ။

အလင်းဖြန့်ဆုံခြင်းနိယာမ

Caustic Effect ( အလင်းဖြန့်ဆုံခြင်းနိယာမ )

ဒီ နိယာမကိုတော့ အလင်းက အလင်းဖြတ်သန်းနိုင်တဲ့ အကြည်ဖောက်မျက်နှာပြင် (Transparent Surface) နဲ့ အလင်းဖြန့်ထွက်နိုင်တဲ့ မျက်နှာပြင်တွေ(Translucent Surface) တွေကို ဖြတ်သန်းတဲ့ အခါမှာတွေ့နိုင်ပါတယ်။

ချောမွေ့ညီညာမှုမရှိတဲ့ အလင်းဖောက်ထွင်းနိုင်တဲ့ မျက်နှာပြင်တွေ မှာ ဒီနိယာမကို တွေ့ရှိနိုင်ပါတယ်။

ဖြစ်ပေါ်ပုံကတော့ အလင်းက အဲ့လို မျက်နှာပြင်တွေကို ဖြတ်သန်းချိန်မှာ မတူညီတဲ့မျက်နှာပြင်အနေအထားတွေကို ဖြတ်သန်းရတဲ့အချိန်မှာ ဖြစ်လာတဲ့ အလင်းပြန်ခြင်းနဲ့ ယိုင်ခြင်းတွေ စုဆုံရာ ကနေတစ်ဆင့် အရိပ်ကျနေရာမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အလင်းပြန်မှုတွေ ဖြစ်ပေါ်စေတာဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကိုတော့ ရေပြင်တွေ၊ အပြန့်မဟုတ်တဲ့ ဖန်သားမျက်နှာပြင်တွေ နဲ့ စိန်တုံးလို ကျောက်မျက်ရတနာ တွေမှာ တွေ့ရနိုင်ပါတယ်။

ဒီလို အလင်းနိယာမ တွေကိုတော့ အလှဓါတ်ပုံ၊ ကြေငြာဓါတ်ပုံနဲ့ အလှကုန်ပစ္စည်း ကြေငြာတွေမှာ အသုံးများကြပါတယ်။

အရိပ်ပိတ်မိရာ

Occlusion Shadow (အရိပ်ပိတ်မိရာ) ( AO )

Occlusion Shadow ဆိုတာကို အရိပ်တည်ဆောက်ပုံအရ ခွဲခြားမယ်ဆို အရိပ်ကျတဲ့ အပိုင်းရဲ့ အမှောင်ဆုံးအပိုင်းဖြစ်ပါတယ်။

ဘာလို့လဲဆို တော့ အရာဝတ္ထုတွေကို အလင်းကျရောက်လို့ အရိပ်ကျတဲ့အချိန်မှာ အရိပ်တွေက လုံးဝမှောင်နေတာမျိူးမဟုတ်ဘဲ တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်တဲ့ အလင်း(Ambient Light) တွေကြောင့်
တစ်ချို့နေရာတွေမှာ အနည်းငယ် ပိုလင်းနေတာမျိူးတွေရှိပါတယ်။

ဒါပေမဲ့လဲ Occlusion Shadow ဆိုတာတော့ အဲ့လို သွယ်ဝိုက်တဲ့ အလင်း(Ambient Light) တွေပါ မရောက်နိုင်တဲ့ မျက်နှာပြင် ၂ ခု ထိစပ်နေတဲ့နေရာတွေ ဖုံးအုပ်ထားတဲ့ နေရာတွေမှာ ဖြစ်ပေါ်တာဖြစ်ပါတယ်။
သူ့ကို တနည်းအားဖြင့် Ambient Occlusion (AO) လို့လဲ ခေါ်ဆိုကြပါတယ်။

ဒီလို Ambient Light တွေကို ရှောင်ချင်တဲ့ တစ်ချို့ Still Life Artist တွေကတော့ Shadow Box ( Still Life Box ) လို့ ခေါ်တဲ့ Box တွေကို တည်ဆောက်ကြပါတယ်။

Occlusion Shadow တွေကို နည်းပါးအောင် လုပ်ပြီး Ambient Light တွေ များပြားဖို့ အတွက်ကတော့ Product Photo မှာဆို Light Box တွေ အသုံးပြုကြပါတယ်။

ဒီသဘောတရားကိုတော့ Digital Painting နဲ့ 3D Rendering တွေမှာ သဘာဝပိုကျဖို့အတွက် ထည့်သွင်းအသုံးပြုကြပါတယ်။

ဒါအပြင် Manipulation တွေလုပ်တဲ့အခါမှာလည်း ဒီသဘောတရားကို နားလည်မယ်ဆို ပုံတွေဟာ ပိုအသက်ဝင်လာပါမယ်။ 

လေထုရှုထောင့်

Atmospheric Perspective ( လေထုရှုထောင့် )

ကြည့်ရှုသူနဲ့ အရာဝတ္ထုကြားအကွာအဝေး ပိုများလေ အရာဝတ္ထုနဲ့ နောက်ခံအရောင်(ကောင်းကင်အရောင်) ကြားကွာခြားမှု နည်းလာလေဖြစ်တဲ့ ဖြစ်ရပ်ကို Atmospheric Perspective ( လေထုရှုထောင့် ) လို့ ခေါ်တာြဖစ်ပါတယ်။ သူကို Aerial perspective
လို့လဲ ခေါ်ကြပါတယ်။

ဒီဖြစ်ရပ်ကို လွယ်လွယ်ပြောရမယ်ဆိုရင်တော့ ရှုခင်းတွေ၊ တောင်တန်းတွေလို အဝေးမှာရှိတဲ့အရာဝတ္ထုတွေကို ကြည့်မယ်ဆို ကိုယ်နဲ့ပိုဝေးသွားလေ သူတို့ရဲ့ အရောင်တောက်ပမှု ( Saturation ) နဲ့ တစ်ခုနဲ့တစ်ခု ကွဲပြားမှု(Contrast) လျော့ကျသွားပြီး
အရောင်အားဖြင့် ကောင်းကင်အရောင်( များသောအားဖြင့် အပြာရောင်) သန်းသွားတဲ့ ဖြစ်ရပ်ကိုပြောတာြဖစ်ပါတယ်။

ဘာကြောင့် ဒီလိုဖြစ်တာလဲဆိုရင်တော့ လေထုထဲမှာရှိတဲ့ ရေငွေ့ နဲ့ ဖုန်မှုန့်လို အရာတွေ ကြောင့်ဖြစ်ပါတယ်။

များသောအားဖြင့် Atmospheric Perspective ကြောင့် Saturation နဲ့ Contrast လျော့လာတယ်လို့ ပြောပေမဲ့ ကိုယ့်ပတ်ဝန်းကျင်က မြူခိုးတွေ ဝေနေပြီး နေဝင်ချိန် နဲ့ နေထွက်ချိန်လို နေနဲ့ ကိုယ်က ရေပြင်ညီ အနေအထားနီးပါးဖြစ်တဲ့အခြေနေမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ မြူခိုးတွေကြောင့်Saturation နဲ့ Contrast လျော့နေပေမဲ့ အဝေးမှာတော့ နေအလင်းရောင်ကြောင့် ပိုပြီး Saturation နဲ့ Contrast ပြတ်သားပြီး နေရဲ့အရောင် လွှမ်းမိုးတာမျိူးလည်း ရှိပါတယ်။ ဒီလိုဖြစ်ရပ်မျိူးကိုတော့ Reverse Atmospheric Perspective လို့ခေါ်ပါတယ်။

ဒီဖြစ်ရပ်ကို သိခြင်းအားဖြင့် အကွာအဝေ;များတဲ့ပုံတွေမှာ လေထုရှုထောင့်ကို ထည့်ပေးခြင်းဖြင့် ကိုယ့်ဒီဇိုင်းကို ပိုမိုအသက်ဝင်အောင် ဖန်တီးနိုင်ပါတယ်။

ဖရပ်(စ်)နယ် နိယာမ

Fresnel Effect ( ဖရပ်(စ်)နယ် နိယာမ )

ဒီနိယာမရဲ့ သဘောကတော့ ချောမွေ့ပြီး အလင်းပြန်နိုင်စွမ်းများတဲ့ မျက်နှာပြင်တွေကို ကြည့်တဲ့အခါ ကြည့်ရှုသူနဲ့ မျက်နှာပြင်ရဲ့ ထိတွေ့မှုထောင့် ( Angle Of Incidence ) နည်းလေ ပိုပြီး အလင်းပြန်လေဆိုတဲ့နိယာမဖြစ်ပါတယ်။

ပုံမှာဆိုရင်တော့ ကန်ရေပြင်မှာဆိုရင် ကိုယ်နဲ့ နီးစပ်ရာမှာရှိတဲ့ ရေပြင်က ကျောက်တုံးတွေကို မြင်နေရပေမဲ့ အဝေးမှာရှိတဲ့ ရေမျက်နှာပြင်မှာကျ ကောင်းကင်ရဲ့ အလင်းပြန်နေတဲ့ အပြာရောင်ကို ဘဲ မြင်ရတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။

ဒါဟာဘာလို့လဲဆိုတဲ့ ကိုယ်နဲ့ နီးတဲ့ နေရာမှာဆို အောက်ကို စိုက်ကြည့်ရတာဖြစ်တဲ့အတွက် ကြည့်ရှုမှုအမြင် ထိတွေ့မှုထောင့် ( Angle Of Incidence ) က များတဲ့အတွက် အလင်းပြန်နိုင်စွမ်းနည်းပြီး ကျောက်တုံးတွေကို ဖောက်မြင်ရပေမဲ့ အဝေးမှာရှိတဲ့အရာကို လှမ်းကြည့်တဲ့အခါကျ ထိတွေ့မှုထောင့်က ရေပြင်ညီ နီးပါးဖြစ်သွားတဲ့အတွက် အလင်းပြန်နိုင်စွမ်းများလာပြီး ရေအောက်ကိုဖောက်မမြင်ရတော့ဘဲ ကောင်းကင်ရဲ့အပြာရောင်အလင်းပြန်နေတာဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကို တော့ ဖရပ်(စ်)နယ် နိယာမလို့ခေါ်ပြီး ဒီသဘောတရားကို စတင်တွေ့ခဲ့တဲ့ ပြင်သစ်လူမျိူး Augustin-Jean Fresnel ကို အစွဲပြုပြီးပေးထားတာပါ။

Fresnel ရဲ့ သဘောတရားကိုဘဲ အစွဲပြုပြီး Light Modifier လည်း ထုတ်ထားပြီး Fresnel Modifier လို့ခေါ်ကြပြီး သူ့ကို အလင်းစုချင်တာ ကွဲထွက်ချင်တာမျိူးတွေလုပ်တဲ့နေရာမှာသုံးပြီး Hollywood ခေတ်အစောပိုင်းတွေမှာ အသုံးများခဲ့သလို ယနေ့ထိလည်း အသုံးပြုတာတွေ ရှိနေဆဲဖြစ်ပါတယ်။ 

အတွင်းမျက်နှာပြင် အလင်းပြန်နှံ့ခြင်း

Subsurface Scattering ( အတွင်းမျက်နှာပြင် အလင်းပြန်နှံ့ခြင်း ) (SSS)

ဒီဖြစ်ရပ်ကတော့ အလင်းဖြန့်ထွက်နိုင်တဲ့ မျက်နှာပြင် (translucent) တွေကို အလင်းကျတဲ့အချိန်မှာ သူ့မှာရှိတဲ့အရောင်ပေါ်မူတည်ပြီး အတွင်းမျက်နှာပြင်မှာ အလင်းပျံ့နှံ့မှုကို ခေါ်တာဖြစ်ပါတယ်။

ဒီအချက်ကို ကျွန်တော်တို့ ငယ်ငယ်က လက်နှိပ်ဓါတ်မီးမှာ လက်ကိုဖုံးပြီး အလင်းထိုးကြည့်တဲ့အခါ လက်ဝါးက လင်းလာတာမျိူးမှာ တွေ့နိုင်ပါတယ်။

လူတွေရဲ့ အသားအရေ၊ ဖယောင်း၊ ဂျယ်လီ၊ သစ်ရွက်ပါး ၊ စက္ကူပါး၊ မှန်အဝါး စတာတွေဟာ အလင်းဖြန့်ထွက်နိုင်တဲ့ မျက်နှာပြင် (translucent) တွေ ဖြစ်ကြပြီး အဲ့လိုအရာတွေကို အလင်းကျတဲ့အခါမှာ
Subsurface Scattering ( အတွင်းမျက်နှာပြင် အလင်းပြန်နှံ့ခြင်း ) ဖြစ်စဉ်ဖြစ်ပေါ်လေ့ရှိပါတယ်။

ဒီအချက်ကို သိခြင်းအားဖြင့် Photomanipulation တွေ လုပ်တဲ့အခါ၊ 3D Visualization တွေလုပ်တဲ့အခါမှာ သဘာဝကျတဲ့ အလင်း သဘောတရားတွေကို ပုံဖော်နိုင်မှာဖြစ်ပါတယ်။

နိဂုံး

ဒီအချက်တွေကတော့ တိုတိုနဲ့ နားလည်လွယ်အောင် အတိုချုပ်ရေးသားမျှဝေပေးတာ ဖြစ်ပြီး အသေးစိတ်သိရှိလိုသူတွေအတွက်လည်း ဆက်လက်လေ့လာဖို့ အထောက်အပံ့ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ။

အားလုံး ပညာရပ်တွေကို အခြေခံကစပြီး စနစ်တကျ အလွယ်တကူ နားလည်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
အသိပေးမှုရယူမယ်
အသိပေးပါ
0 Comments
Inline Feedbacks
View all comments
ချိတ်ဆက်မယ်

Deversity ကနေ အပတ်စဉ်မျှဝေပေးနေတဲ့ ဗဟုသုတရစေမဲ့ အကြောင်းရာတွေကို မိတ်ဆွေရဲ့ Email ကနေတစ်ဆင့်ပို့ပေးစေချင်တယ်ဆို မိတ်ဆွေ Email ကို အောက်မှာရှိတဲ့ ဖောင်လေးကို ဖြည့်ပြီး စာရင်းပေးနိုင်ပါတယ်။

လူမှုကွန်ယက်

Designed & Developed By Mhu Htet

© 2024 – Deversity Myanmar